ဆီးရီးယား နျူဓာတ်ပေါင်းဖိုနေရာဟောင်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်

Monday, February 25, 2013


လွန်ခဲ့သည့် (၆)နှစ်ခန့်က အစ္စရေး တိုက်လေယာဉ်များ ဖျက်ဆီးခဲ့သည့် ယူဖရေးတီးစ် မြစ်အနီးရှိ နျူကလီးယား ဓာတ်ပေါင်းဖို နေရာဟောင်းကို ယခုအခါ တော်လှန်ရေးတပ်ဖွဲများက စီးနင်းနိုင်ခဲ့ပြီးဟု ကြေညာသည်။

ဆီးရီးယား နျူဓာတ်ပေါင်းဖိုနေရာဟောင်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်
မိမိတို့သည် နျူကလီးယား ဓာတ်ပေါင်းဖို နေရာဟောင်း တစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့များက ထုတ်ဖော် ကြေညာခဲ့သည်။ လွန်ခဲ့သည့် (၆)နှစ်ခန့်က အစ္စရေး တိုက်လေယာဉ်များ ဖျက်ဆီးခဲ့သည့် ယူဖရေးတီးစ် မြစ်အနီးရှိ နျူကလီးယား ဓာတ်ပေါင်းဖို နေရာဟောင်းကို ယခုအခါ တော်လှန်ရေးတပ်ဖွဲများက စီးနင်းနိုင်ခဲ့ပြီးဟု ကြေညာသည်။ နိုင်ငံ အရှေ့ပိုင်းရှိ အဆိုပါ အယ်လ်ကူဘာ ဓာတ်ပေါင်းဖို နေရာဟောင်းသည် (၂၀၀၇)ခုနှစ်က အစ္စရေးလေတပ်၏ စီးနင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတကာ အာရုံစိုက်ရာ ရပ်ဝန်းတစ်ခု ဖြစ်ခဲ့သည်။ ထိုစဉ်က အမေရိကန် ပြည်ထောင်စုက ယင်းဓာတ်ပေါင်းဖိုကို ဆောက်လုပ်ထားသည့် အနေအထားအရ မြောက်ကိုရီးယား၏ နည်းပညာ ဒီဇိုင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်ဟု အမည်ပေးထားသည့် သူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အိုမာအဘူ လိုင်လာက အဆိုပါ နေရာဟောင်းတွင် အဆောက်အအုံ အကောင်းဟူ၍ တစ်ခုသာ ကျန်တော့ကြောင်းနှင့် စကာ့ဒ်ဒုံးကျည် တစ်စင်းကို သိုဝှက်ထားကြောင်း ပြောကြားခဲ့သည်။ "ဒီနေရာကို နျူကလီးယား ဓာတ်ပေါင်းဖိုကနေ စကာ့ဒ်ဒုံးကျည် ပစ်စင်တစ်ခု အနေနဲ့ ပြောင်းလဲခဲ့တယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဖျက်ဆီး မြှုပ်နှံလိုက်ပုံ ရတယ်"ဟု အဘူ လိုင်လာက မှတ်ချက်ပြုခဲ့သည်။ အဆိုပါ နေရာကို တော်လှန်ရေးတပ်ဖွဲ့က ထိုးဖောက် တိုက်ခိုက်ချိန်တွင် စစ်တပ် ရဟတ်ယာဉ် (၃)စင်းသည် ကျန်ရှိနေသည့် အစိုးရ သစ္စာတော်ခံများကို သယ်ဆောင် ဆုတ်ခွာသွားကြောင်း သိရသည်။

ဆီးရီးယား စစ်တပ်သည် အဆိုပါ နေရာကို သာမန် စစ်ရေးလေ့ကျင့်သည့် စင်တာတစ်ခု အဖြစ်သာ ပြောဆိုခဲ့သော်လည်း နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)၏ ဝင်ရောက် စစ်ဆေးမှုကို ငြင်းဆန်ခဲ့သည့်နောက် အစ္စရေးလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ လက်ရှိတွင် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို တော်လှန်မှုများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး မြို့တော် ဒမတ်စကက်နှင့် နီးကပ်သည့် မဟာဗျူဟာမြောက် စစ်စခန်း အတော်များများကို သူပုန်များက သိမ်းပိုက်ထားနိုင်ခဲ့သည်။

Source: Reuters/Planet News
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License