“လူးဝစ်နာနီကို အသင်းတွင် ဆက်လက်ရှိစေလိုကြောင်း ဖာဂူဆန်ပြောကြား”

Friday, February 22, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က အသင်းမှ တောင်ပံ တိုက်စစ်မှူး လူးဝစ်နာနီကို ဆက်လက် ထိန်းသိမ်းထားလိုကြောင်းနှင့် နာနီသည် ပထမပွဲထွက် နေရာအတွက်မူ ကြိုးစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေါ်တူဂီ လက်ရွေးစင် ကစားသမားသည် (၂၀၁၇)ခုနှစ်က စပို့တင်း လစ္စဘွန်း အသင်းမှ မန်ယူသို့ ပေါင်စတာလင် (၁၇)သန်းဖြင့် ရောက်ရှိလာခဲ့သည်။ ယခုအခါ အသက်(၂၆)နှစ် ရှိပြီဖြစ်သော နာနီသည် စာချုပ်သစ်တွင် တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀)ထိ တောင်းဆိုထားသော်လည်း ယင်းကို မန်ယူအသင်းဘက်က ငြင်းဆိုထားသည်။

စာချုပ်ကိစ္စမှာ မပြီးပြတ်နိုင်ဘဲ ဖြစ်နေပြီး မန်ယူက နာနီကို နွေရာသီတွင် ရောင်းထုတ်မည်ဟု သတင်းကြီးခဲ့သလို နာနီသည်လည်း ဒဏ်ရာပြဿနာများကြောင့်ရော၊ စာချုပ်ကိစ္စကြောင့်ပါ ပထမပွဲထွက် လူစာရင်းနှင့် အတန်ငယ် ကင်းကွာနေခဲ့သည်။

သို့သော်လည်း မန်ယူက ရက်ဒင်းကို အနိုင်ရသည့် FAဖလား ပွဲစဉ်တွင်မူ လူစားဝင် ကစားပြီး အသင်းကို အနိုင်ရအောင် အဓိက စွမ်းဆောင်ပေးခဲ့သည့်အတွက် ဖာဂူဆန် ကိုယ်တိုင်က နာနီကို အလေးအနက် ချီးကျူးခဲ့သည်။

ယခုအခါ စကော့သား မန်နေဂျာကြီးက အိုးလ်ထရက်ဖို့ဒ်တွင် နာနီကို ဆက်ရှိနေစေလိုကြောင်း ဖွင့်ဟလာခဲ့သည်။ "ကျွန်တော်တို့ သူ့ကို သေချာပေါက် ဆက်ထိန်းထားချင်တယ်။ သူဟာ နိုင်ပွဲတွေကို လက်တွေ့ ဖန်တီးနိုင်တဲ့ ကစားသမားမျိုးပါ။ သူက ပထမအသင်း ပွဲထွက် နေရာအတွက် အာမခံချက်တော့ လိုချင်တယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ ဆိုရင် သူကိုယ်တိုင်ရဲ့ အားထုတ်မှုလည်း လိုပါတယ်။ ရက်ဒင်းနဲ့ ပွဲတုန်းကလိုမျိုး ဆိုရင် အလိုလို အာမခံချက် ရှိနေမှာပါ"ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

နာနီသည် ရာသီကုန်တွင် မန်ယူနှင့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်မည်ဖြစ်ပြီး အကယ်၍ စာချုပ်ကိစ္စ ညှိနှိုင်းမှု မအောင်မြင်ပါကမူ မန်ယူက မဖြစ်မနေ ရောင်းထုတ်ဖွယ် ရှိနေသည်။ လတ်တလောတွင် မန်ယူသည် ခရစ္စတယ်လ် ပဲလေ့စ် အသင်းမှ လူငယ် တောင်ပံ တိုက်စစ်မှူးလေး ဝီလ်ဖရိုက်ဒ် ဇာဟာကို ကြိုတင် ဝယ်ယူထားပြီး ၎င်းသည် ရာသီကုန်တွင် မန်ယူနှင့် လာရောက် ပူးပေါင်းမည် ဖြစ်သည်။

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License