ရခိုင်အမျိုးသားရေး တပ်လှန့်သံ “ရိုးမရေရိပ်” ကဗျာစာအုပ်ကို ရှေ့လတွင် ဖြန့်ချိမည်

Friday, February 22, 2013

ရခိုင်ပြည် မြို့နယ်(၁၇)မြို့နယ်မှ ရခိုင်ကဗျာဆရာများ စုစည်းရေးဖွဲ့ထားသည့် "ရိုးမရေရိပ်" ကဗျာစာအုပ်ကို လာမည့်မတ်လအတွင်း စတင်ဖြန့်ချိတော့မည်ဖြစ်ကြောင်း ကဗျာစာအုပ်ဖြစ်မြောက်ရေး စီစဉ်သူ ရမ်းဗြဲမြို့၊ှ ရမ္မာဝတီမဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာ စာရေးဆရာ၊ ကဗျာဆရာ ကိုယ်ရမ္မာ က ဆိုသည်။ " ဒီကဗျာစာစုကို ထုတ်ချင်နေတာ ကုန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းကဖြစ်တယ်။ ဘာလို့ကြန့်ကြာနေရသလဲဆိုတော့ ယခင် စာပေစီစစ်ရေးရဲ့ ဖြုတ်ထုတ်ဖြတ်မူကြောင့်ဖြစ်တယ်။ အခုကတော့ အတိုင်းအတာ တစ်ခုထိပွင့်လင်းမြင်သာမှုရှိလာတာရယ်၊ နောက်တစ်ချက်က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ဒေသ အရေးအခင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူလူထုကို တပ်လှန့်နှိုးဆော်ရမယ့်တာဝန်ဟာ ကဗျာရေးသူတွေအနေနဲ့လည်း မဖြစ်မနေဆောင်ရွက်ရမယ့် သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်လို့ပါပဲ" ဟု ဆရာ ကိုယ်ရမ္မာက Arakan Times ကို ပြောသည်။

ရခိုင်ပြည်သူ၊ ပြည်သားတို့၏ အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုရေးရာ အဖြာဖြာတို့ကိုထင်ဟပ်ပေါ်လွင်စေလိုပြီး၊ အနာဂတ်၏ ရခိုင်မျိုးဆက်သစ်လူငယ်များသို့ လက်ဆက်ကမ်း ရည်ညွှန်းလိုသည့် ရည်ရွယ်ချက်ဖြင့် "ရိုးမရေရိပ်"ကို ထုတ်ဝေဖြန့်ချိရခြင်းဖြစ်သည်ဟု အဆိုပါ စီစဉ်သူက ဆိုသည်။

ကဗျာစာအုပ်ကို ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ "စန္ဒာဝင်းပုံနှိပ်တိုက်"တွင် ရိုက်နှိပ်ပြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ "သင်းစာပေ" မှ ထုတ်ဝေ၍၊ ရမ်းဗြဲမြို့၏(တန်းချောင်းစာပေအင်အားစု)က ဖြန်ချိသွားမည် ဖြစ်သည်။

ရိုးမရေရိပ် ကဗျာစာအုပ်တွင် ရခိုင်ကဗျာဆရာ (၄၀)ဦးက ကဗျာပုဒ်ရေ (၅၂) ပုဒ်ရေးဖွဲ့ထားကြပြီး၊ ကဗျာအားလုံးမှာ ရခိုင်အမျိုးသားရေး တပ်လှန့်သံ ကဗျာများဖြစ်ကြကြောင်းသိရသည်။

ရခိုင်ပြည်မှ ကဗျာဆရာများဖြစ်သော သာမည(ရမ္မာဝတီ)၊ တက္ကသိုလ်မင်းခန့်၊ မောင်ခိုင်အောင်(စစ်တွေ)၊ မြတ်ဌေး(ပေါက်လေ)၊ ဟူရာ(ကျောက်တော်)၊ ချမ်းမြေ့စည်၊ ကွမ်းချောင်းညိုမြ၊ မောင်ချစ်သွေး(မြေပုံ)၊ စစ်တွေပွင့်လွှာ၊ မောင်နှစ်သိမ့်(တောင်ကုတ်)၊ ကိုလွမ်းဝေ(သံတွဲ)၊ ပန်းသီကြိုး(ရသေ့တောင်)၊ အညတြလုလင်၊ မောင်ကြည်စမ်း(ပုဏ္ဏားကျွန်း)၊ အက်အိုအက်စ်ရိုးမ၊ ကိုယ်ရမ္မာ၊မော်ကွန်းသစ်၊ သိန်းနောင်၊ သန်းခိုင်အောင်၊ လွမ်းရိပ်ဝေ(သဒေး)၊ မြင့်မိုး(သံတွဲ)၊ မိုးပြို(မင်းပြား)၊ မင်းမြတ်ညို(ညောင်ခြုံ)၊ ကြိုင်ထွန်းလင်း၊ မောင်ဘုန်းရှင်(ကစ္စပ)၊ လှမြင့်အောင်(တောင်ကုတ်)၊ ဓညကျော်ဝင်း၊ စစ်တွေ ကြာခိုင်၊ သန္တာမောင်မောင်၊ အရှင်ရာဇိန္ဒ(ကံ့ကော်မြေ)၊ မြေးကောင်းစံ၊ ဗဂျီးကျော်၊မေဃမင်းသူရိန်၊ အောင်သာဆန်း(သံတွဲ)၊ လေးဝတီခိုင်ကျော်၊ ခိုင်ခန့်စိုး(ပုဏ္ဏားကျွန်း)၊ မြတ်ရွှေ(မြေစာရင်း)၊ လေးဝတီထွန်းရွှေ၊ စွန်ညို(တောင်ကုတ်)၊ လေးမြို့မင်းသဇင် စသည်တို့က ရေးဖွဲ့သီကုံး ထားခြင်းဖြစ်သည်။
"ရိုးမရေရိပ်"သည် ရခိုင်အမျိုးသားရေးတပ်လှန့်သံကဗျာများ ဖြစ်သလို၊ ရခိုင်တမျိုးသားလုံး၏ အသည်းနှလုံးကို ဆွဲဆုပ်ကိုင်လှုပ်စေသည့် သမိုင်းတွင်ကျန်ရစ်မည့် ရခိုင့်ဇာတိမာန် ဂန္ထ၀င်ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ကြောင်းဖြင့် ရခိုင်စာပေသမားများအကြားတွင် ဝေဖန်ပြောဆိုလျက်ရှိကြောင်းသိရသည်။

http://arakantimes.net/burmese

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License