စာချုပ်သစ် ချုပ်ဆိုခြင်း မပြုပါက အသင်းမှ ထွက်ခွာရလိမ့်မည်ဟု နာနီကို ယူနိုက်တက် အသိပေး

Monday, February 25, 2013



ပေါ်တူဂီ တောင်ပံ ကစားသမား နာနီကို စာချုပ်သစ် ချုပ်ဆိုခြင်း မပြုပါက အသင်းမှ ထွက်ခွာရလိမ့်မည် ဟု အသင်းမှ သတိပေးခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။
နာနီဟာ ယခုနှစ်ဘောလုံးရာသီတွင် အသင်း၌ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ရုန်းကန်နေရပါတယ်။ လုပ်ခလစာ တိုးမြင့်၍ တောင်းဆိုမှုနှင့်အတူ စာချုပ်သစ် ချုပ်ဆိုရေး အဆင်မပြေသလို၊ ဒဏ်ရာ ပြဿနာများပါ ရင်ဆိုင်နေရတာကြောင့် နောက်ပိုင်း ပွဲစဉ်များမှ အရန်ကစားသမား အဖြစ် သာ ကစားခွင့် ရလျက် ရှိနေပါတယ်။

နာနီကို အသင်းတွင် ဆက်ရှိနေစေရန် လိုလားကြောင်း အသင်းမန်နေဂျာ ဆာအဲလက်စ် ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံထားပြီး ဖြစ်ပေမယ့် အဆိုပါ ပေါ်တူဂီသားက လုပ်ခလစာ ပေါင်စတာလင် ၁၄၀၀၀၀ ရမှသာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ နာနီရဲ့ လက်ရှိ စာချုပ်ဟာ လာမယ့် ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ပေါင်စတာလင် ၉၀၀၀၀ အထိသာ လခပေးချေနိုင်မည် ဖြစ်ပြီး ယင်းပမာဏနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိဘူး ဆိုပါက ယူနိုက်တက် ကစားသမားဘဝ နိဂုံးချုပ်ရန်သာ ရှိကြောင်း ကစားသမားကို အသိပေးလိုက်ခြင်း ဖြစ်ပါတယ်။

အသက် ၂၆နှစ်အရွယ် တောင်ပံ ကစားသမားဟာ ၂၀၀၇ ခုနှစ် ဂျူလိုင်လ၌ စပို့တင်းလစ္စဘွန်း ကနေ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာတာ ဖြစ်ပြီး အောင်မြင်မှုလည်း ရရှိခဲ့ပါတယ်။ ယူနိုက်တက်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၂) ပွဲမှာ အထူးခြေစွမ်း ပြခဲ့ပြီး ဖြစ်သလို ၎င်းခြေစွမ်းကိုသာ ပုံမှန် ထိန်းသိမ်းနိုင်ပါက သူအလိုရှိနေတဲ့ ပုံမှန် ကစားခွင့်ရရေးကို အာမခံပေးနိုင်ကြောင်း ဖာဂူဆန်ကိုယ်တိုင်လည်း ဝန်ခံထားပြီးသား ဖြစ်ပါတယ်။

ရီးဒင်းနဲ့ ပွဲအပြီးမှာလည်း ဆာအဲလက်စ် က “သူ့ကို ဆက်ပြီး ထိန်းထားချင်ပါတယ်။ သူဟာ ပွဲတစ်ပွဲကို အနိုင်ရအောင် ဘယ်လို ကစားရမလဲ သိတဲ့ ထူးရှယ် ကစားသမား မဟုတ်လား။ သူက ပြောဖူးပါတယ်။ အသင်းအတွက် ပုံမှန် ပွဲထွက် ကစားသမားတစ်ယောက် ဖြစ်လိုတယ်တဲ့။ တကယ်လို့ ရီးဒင်းနဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းအတိုင်းသာ သူအမြဲ ကစားနိုင်ရင် ပွဲထွက် (၁၁) ယောက်နေရာမှာ သူ့နာမည် ပါမယ်လို့ အာမခံနိုင်တာပေါ့။” ဟု သူ့ရဲ့ တပည့်ရဲ့ ခြေစွမ်းအပေါ် မှတ်ချက် ချဖူးပါတယ်။
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License