လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ပြည်မြို့တွင် ဆန္ဒဖော်ထုတ်မည်

Thursday, February 28, 2013

.

ပြည်မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မြို့နယ်
လုံးကျွတ်ဆန္ဒဖော်ထုတ်ပွဲအား ယနေ့ည ခုနစ်နာရီအချိန်တွင် ပြုလုပ်မည်ဟု
ပြည်မြို့နိုင်ငံရေးအကျဉ်းသားများ အဖွဲ့ထံမှ သတင်းရရှိသည်။

ထိုသို့ ပြုလုပ်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းထားရှိပြီး လွန်ခဲ့သော တစ်ပတ်ခန့်မှစတင်၍ လက်ကမ်းစာစောင်များဝေကာ ပတ်ဝန်းကျင်ကျေးရွာဒေသများကိုလည်း ဖိတ်ခေါ်ထားသည်။

"မီးဖြတ်တာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ဘယ်အကြောင်းကြောင့် မီးဖြတ်တယ်ဆိုတာတွေကို အသိမပေးလို့ ဆန္ဒပြတာ" ဟု နိုင်ငံရေးအကျဉ်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

ပြည်မြို့တွင် စက်မှုဇုန်နှင့် လူနေရပ်ကွက်များကြား လျှပ်စစ်မီးရရှိစေရန် အဆင်ပြေအောင် ဆောင်ရွက်ပေးနေပြီး မြို့ထဲပိုင်းရပ်ကွက်များတွင် ညပိုင်းအချိန်များ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရှိနေ၍ တစ်ကြိမ်ပျက်လျှင် သုံးနာရီခန့်ကြာသည်ဟု ပြည်မြို့မှ ကိုစည်သူက ပြောသည်။

"မီးပျက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်းလျှပ်စစ်အင်ဂျင်နီယာမှူးကြီးကိုယ်တိုင် မြို့နယ်က တာဝန်ရှိသူတွေနဲ့ ပြည်သူတွေကို အသိပေးပြီးသားပါ။ ဒီနေ့လည်း မြို့ထဲမှာ အသံချဲ့စက်တွေနဲ့ လိုက်ပြီး ကြေညာနေပါတယ်" ဟု ပြည်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ကိုသန်းဇော်ဦးက ပြောသည်။

ပြည်မြို့တွင် ပြီးခဲ့သည့်နှစ် နွေရာသီကလည်း လျှပ်စစ်မီးဖြတ်တောက်မှု
များကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင် စာမေးပွဲအတွက် နေ့စဉ် ညနေ ၅ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိအောင် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဓာတ်အားပြတ်တောက်ပါက ဆက်သွယ်စုံစမ်းနိုင်ရန် အချက်အလက်များအား ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ပြည်မြို့တွင် ပြီးခဲ့သည့်နှစ် နွေရာသီကလည်း လျှပ်စစ်မီးဖြတ်တောက်မှုများကြောင့် ဖယောင်းတိုင်ထွန်း 
ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

7Day News Journal

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License