အင်းလေးဟိုတယ်ဇုန်စီမံကိန်းကြောင့် လယ်သမားများ ဒုက္ခရောက်နေ

Friday, February 22, 2013


အင်းလေးဟိုတယ်ဇုန်လုပ်ကိုင်နေသည့်နေရာသို့ မိမိတို့ပိုင် လယ်မြေများ ဘူဒိုဇာဖြင့် မထိုးရန် ဟန့်တားခဲ့သည့် ရွာသား (၇) ဦးအား ပုဒ်မ ၁၈၈ ဖြင့် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှုးက မတရား တရားစွဲဆို။

ညောင်ရွှေမြို့နယ်၊ အတွင်းတည်ရှိ သတ်မှတ်ထားသည့် ဟိုတယ်ဇုန် စီမံကိန်းနေရာတွင် ကျရောက်နေသော ကံပဲ့ နှင့် အင်ကြင်းကုန်းရွာသား များက စုပေါင်းပြီး ဘူဒိုဇာဖြင့်ထိုးနေသည့် ဖြူစင်ကုမ္ပဏီအား ဆက်လက်ပြီး မိမိတို့ စိုက်ပျိုးမြေများအား ဘူဒိုဇာဖြင့် ဖျက်ဆီးခြင်း မပြုရန် ဇန်န၀ါရီ ၂၉ ရက်နေ့က စတင်ကန့်ကွက်ခဲ့သည်။

မိမိတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသောမြေ များ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်စီမံကိန်းကြောင့် ရရှိလာမည့် လမ်း ကောင်းမည်ဆိုနေခြင်း၊ အလုပ်အကိုင် ပေါ်လာမည်ဆိုနေခြင်းအား လက်မခံနိုင်ကြောင်း၊ သစ်တောမြေဟုဆိုနေသော်လည်း သစ်တောပိုင်မြေအဖြစ် စတင် သတ်မှတ်ခဲ့သည်မှာ ၂၀၀၁ ခုနှစ်ကမှ ဖြစ်ကြောင်း၊

ယင်းအရင် ရှေးနှစ်ပေါင်း ၅၀ကျော်၊ ၁၀၀ကျော်ခန့်ကတည်းက မိမိတို့ လုပ်ကိုင်စားသောက်နေသောမြေများ ဖြစ်ကြောင်း အင်ကြင်းကုန်းရွာ သားများနှင့် ကံပဲ့ရွာသားများက ဆိုသည်။

မိမိတို့လယ်ယာမြေများအတွက် သီးနှံလျော်ကြေး သုံးနှစ်စာပေး သည်ကိုလည်း မလိုချင်ကြောင်း ၊ လက်မခံနိုင်ကြောင်း ယင်းရွာသားများက ဆိုသည်။

သို့သော်လည်း ဟိုတယ်ဇုန်တွင် ပါဝင်သော သီးနှံလျော်ကြေး မထုတ်ယူရသေးသည့် ရွာသား တောင်သူ (၁၀) ဦးအား သလဲဦးကျေးရွာအုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ (၅) ရက်နေ့ရက်စွဲဖြင့် သီးနှံလျော်ကြေးများ လာရောက်ထုတ်ယူရန် အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း၊

သီးနှံလျော်ကြေးအား ဖေဖော်ဝါရီ ၂၀ ရက်နေ့ နောက်ဆုံးထား ထုတ်ယူရန် အမိန့်ပေးထားကြောင်း၊ မိမိတို့ အနေဖြင့် လက်မခံနိုင်ကြောင်း ထုတ်ယူရန် လည်း စိတ်မကူးကြောင်း၊ မိမိတို့ ထုတ်ယူလိုက်လျင် လုပ်ကိုင်စားသောက် စရာ မြေမရှိတော့ကြောင်း အင်ကြင်းကုန်းရွာသားက ပြောဆိုရှင်းပြသည်။

ထိုကဲ့သို့ ဟိုတယ်ဇုန်တည်ဆောက်မှု အကောင်ထည်ဖော် ဆောင် ရွက်နေသည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဒေသခံရွာသားများကြား မပြေလည်မှုများ ပိုမိုတင်းမာလာကာ၊

ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် အင်းလေးကန်အနီးဟိုတယ်ဇုန် တည်ဆောက်နေမှုနှင့် ပတ်သတ်ပြီး ကန့်ကွက် ဆန္ဒဖော်ထုတ် ရန် ညောင်ရွှေမြို့နယ် ရဲစခန်းသို့အင်ကြင်းကုန်း၊ ကံပဲ့ရွာသားများက ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပယ်ချခံခဲ့ရကြောင်း ၊ ထို့အတွက် တောင်ကြီးမြို့ရှိ ပြည်နယ်ရဲ တပ်ဖွဲ့မှုးရုံးတွင် အယူခံတင်ပြန်လည်တင်သွင်း ခဲ့ကြောင်း ဒေသ ခံရွာသားများက ပြောသည်။

ဇန်န၀ါရီ ၂၉ရက်နေ့က ဟိုတယ်ဇုန်စီမံကိန်းအား ရွာသူရွာသားများက ၀င်ရောက်တားဆီးနေသဖြင့် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ဟိုတယ်ဇုန် ဧရိယာအား ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ကြောင်း၊ ညောင်ရွှေမြို့ရှိလူစည်ကားရာ နေရာများ၊

ညောင်ရွှေ မြို့မ ဈေးကြီးဝင်ပေါက်များတွင်လည်း ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသည်ကို သိရှိစေရန် လိုက်လံကြေငြာ ထားကြောင်း၊ ယင်းနောက်ဖြူစင် ကုမဏ္ဍီက လုပ်ငန်းများ ဆက်လက်ဆောင် ရွက်နေစဉ် ဖေဖ်ာဝါရီ (၉) ရက်နေ့ ၊

နေကလည် ၂း၄၀ မိနစ်တွင် ဆက်လက်မလုပ်ဆောင်ရန်ရွာသားများက လာရောက်တားမြစ်ကြောင်း၊ ထို့အတွက် အဆိုပါနေရာတွင် တွေ့ရှိရသည့် ရွာသား (၇) ဦးအား သလဲဦးကျေးရွာအုပ်ချုပ်ရေးမှုး ဦးညိုတင် ထံအမည်များမေးမြန်းကာ ထိုရွာသားများအား ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူးက ဖေဖ်ာဝါရီ ၁၈ရက်နေ့က ညောင်ရွှေမြို့နယ် တရားရုံးတွင် တရား သူကြီး ဒေါ်ဥမ္မာညွန့်ရှေ့ ထွက်ဆိုခဲ့သည်။

ကျေးရွာသူရွာသားများ နှစ်နာမှုနှင့် ပတ်သတ်ပြီး မေးမြန်း ရာ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှုးက ပြောကြားရာတွင် ကျနော်က နှစ်နာမှုနှင့် တရားစွဲဆွဲဆိုထားခြင်း မဟုတ်ကြောင်း၊

ဥပဒေကို ဆန့်ကျင်သည့်အတွက် တရားဆွဲဆိုရခြင်းဖြစ်ကြောင်း စွပ်ဆွဲခံရသူ ရွာသူရွာသားများဘက်မှ ရှေ့နေလိုက်ပေး သူ ဒေါ်နန်းသူဇာ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

စွပ်စွဲခံရသူ ရွာသူရွာသားများကမူ မိမိတို့သည် လုံးဝ အပြစ်မရှိကြောင်း၊ မိမိတို့ စိုက်ပျိုးမြေများအား ဘူဒိုဇာဖြင့် ထိုးနေသူများသာ အပြစ်ရှိကြောင်း၊

ထို့အတွက်လည်း ဘူဒိုဇာ စက်မောင်းသူအား မိမိတို့ဘက်မှလည်း တရားဝင် အမှုဖွင့် တရားဆွဲထားကြောင်း၊ ပြီး ယခုရုံးချိန်းတွင် လည်း ညောင်ရွှေမြို့နယ် တရားရုံးတွင် တရားသူကြီး ဒေါ်ဥမ္မာညွန့်က မိမိတို့အား ရုံးရှေ့တွင် ရောက်နေသည့် တရားခံများဟု ထပ်ခါထပ်ခါ သုံးစွဲနေသည်မှာ ဥပဒေနှင့် မညီကြောင်း၊ ပြစ်မှုတစုံတရာကျူးလွန်ခြင်း မရှိကြောင်း၊

ပြီးလျင် တရားရုံးမှ စီရင်ချက်မပေါ်ပေါက်မီ ယခုကဲ့သို့ တရားခံများဟု သုံးစွဲခံခဲ့ ရသဖြင့် စိတ်မကောင်းကြောင်း ၊ တရားရင်ဆိုင်နေရသည့် အင်ကြင်းကုန်း ရွာသားဖြစ်သူ ကိုအောင်ကျော်မျိုးက ပြောပါသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ဟိုတယ်ဇုန်စီမံကိန်းတွင် ပါရှိသွား သည့် တောင်သူများအတွက် သီးနှ့လျော်ကြေး သုံးနှစ်စာ ပေးအပ်ပွဲအခမ်း အနားတွင် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်း က မိမိတို့ က ဖြေလျော့ရှင်း၊

ညိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့အတွက် ဟိုတယ်စီမံကိန်း အား ဟန့်တားနှောက်ယှက်သူများအား တရားဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အား မကျေနပ်လျင်လည်း ကြိုက်သည့်နေရာ ကြိုက်သည့် တရားရုံး တွင် တရားစွဲဆိုနိုင်ကြောင်း ပြောဆိုခဲ့သည်။

စွပ်ဆွဲခံရသူ ရွာသားများဘက်မှ ရှေ့နေလိုက်ပါဆောင်ရွက်ပေးနေ သည့် ရှေ့နေ ဒေါ်နန်းသူဇာက မိမိသည် အမှန်တရားကို မြတ်နိုးသဖြင့် ရွာသားများ နစ်နာမှု မရှိစေရန် ရွာသားများဘက်မှ အခမဲ့ရှေ့နေဆောင် ရွက်ပေးခြင်း ဖြစ်ကြောင်း၊

မိမိရှေ့နေလိုက်ပေးနေသည့် ရွာသား (၇) ဦးအား အမှုမှန် မပေါ်ပေါက်ခင် ညောင်ရွှေမြို့နယ်တရားသူကြီး ဒေါ်ဥမ္မာညွန့်က တရားခံများဟု ဆက်တိုက် သုံးဆွဲခဲ့သည်ကို နောက် ရုံးချိန်းထွက်လျှင် တင်ပြကန့် ကွက်သွားမည် ဖြစ်ကြောင်း ဒေါ်နန်းသူဇာက ပြောသည်။

ညောင်ရွှေမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသည့် ရွာသူရွာသား (၇) ဦးအား အင်ကြင်းကုန်းရွာ၊ ကံပဲ့ကျေးရွာများရှိ ရွာသူရွာသား ၂၀၀ ကျော် တက်ရောက်အားပေးခဲ့ပြီး ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားကြောင်း ရွာသူ၊ရွာသားများက ပြောသည်။



Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License