ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟောင်းနွမ်း ခရီးသည်တင်ယာဉ်များ နေရာတွင် စီးတီးဘတ်စ် အစီးရေ ၁၀၀ ကျော် ၀င်ရောက်ပြေးဆွဲမည်ဖြစ်ပြီး CNG ရရှိရေး ညှိနှိုင်းဆဲဖြစ်

Friday, March 8, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ယာဉ်လိုင်းများတွင် ကိုရီးယားနိုင်ငံထုတ် စီးတီးဘတ်စ် အစီးရေ ၁၀၀ ကျော် ၀င်ရောက်ပြေးဆွဲ
မည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါယာဉ်များ CNG ရရှိရန် စွမ်းအင်
ဝန်ကြီးဌာနနှင့် ညှိနှိုင်း လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ စီးတီးဘတ်စ်များမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် အစီအစဉ်ဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး လက်ရှိတွင် CNG ရရှိရန် စောင့်ဆိုင်းနေကာ ရရှိပါက ဟောင်း နွမ်း ခရီးသည်တင်ယာဉ်
များ နေရာတွင် အစားထိုး ၀င်ရောက်ပြေးဆွဲနိုင်မည်ဟု သိရသည်။

''အခု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ City Bus အစီးရေ ၁၀၀ ကျော်
ပြေးဆွဲဖို့ အသင့်ရှိတယ်။ အဲဒီကားတွေက ယာဉ်အို ယာဉ်ဟောင်း အပ်နှံတဲ့ အစီအစဉ်နဲ့ သွင်းတဲ့ ကားတွေဆိုတော့ လက်ရှိ CNG ရဖို့ စွမ်းအင် ၀န်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်။ CNG ဓာတ်ငွေ့အခြေအနေ ရလာရင်
ပြေးဆွဲနိုင်မှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပြေးဆွဲရန် စီစဉ်နေသည့် ယာဉ်များမှာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံကာ တင်သွင်းခဲ့သည့် ယာဉ်များဖြစ်သောကြောင့် ယာဉ်စီးခကို ကျပ် ၅၀၊ ကျပ် ၁၀၀ ဖြင့်သာ ပြေးဆွဲမည်ဖြစ်ပြီး ကျပ် ၂၀၀ ကောက်ခံခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူကပင် ''ယာဉ်အို ယာဉ်ဟောင်းတွေကို အပ်နှံပြီး တင်သွင်းတဲ့ ကားတွေဖြစ်တဲ့အတွက် ယာဉ်စီးခ ကျပ် ၅၀၊ ကျပ် ၁၀၀ ပဲ ကောက်ရမယ်။ ကျပ် ၂၀၀ ကောက်လို့ မရဘူး။အဓိကတော့ အများပြည်သူတွေ သက်တောင့်သက်သာရှိအောင် စီစဉ်ပေးထားမယ်'' ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ယာဉ်များကို စီးနင်း
အသုံးပြုသူ ၈၅ ရာခိုင်နှုန်းရှိပြီး အဆိုပါ ခရီးသည်တင်ယာဉ် အများစုမှာ အဆင့်မမီတော့သည့် ဟောင်းနွမ်းယာဉ်များ ဖြစ်နေကြသည်။ အဆိုပါယာဉ်များအနက် ဟောင်းနွမ်းဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များမှာ ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားသည့်အထဲတွင် အပါအ၀င် ဖြစ်ကြောင်း သိရသည်။

ယခုဝင်ရောက်ပြေးဆွဲရန် စီစဉ်နေသည့် ယာဉ်အစီးရေမှာ ၁၀၀ မှာ အရေအတွက်အားဖြင့် နည်းပါးသည် ဆိုသော်လည်း စီးတီးဘတ်စ် တင်သွင်းခွင့် ထောက်ခံချက်အနေဖြင့် စီးရေ ၁၀၀၀ ကျော် ထုတ်ပေးပြီးဖြစ်၍ နောက်ပိုင်းတွင် စီးတီးဘတ်စ်များ တဖြည်းဖြည်း ထပ်မံရောက်ရှိလာမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံ အစီအစဉ်ဖြင့်
ပြည်ပမှ ခရီးသည်တင် စီးတီးဘတ်စ်များ တင်သွင်းခြင်းအတွက်
ထောက်ခံချက်များ ဦးစားပေး ထုတ်ပေးနေသော်လည်း အများစုမှာ ခရီးသည်တင်ယာဉ်များထက် စီးတီးတက္ကစီများကိုသာ တင်သွင်းမှု များနေသည်။

အဓိကအားဖြင့် စီးတီးဘတ်စ် တင်သွင်းခွင့်ပြုသည့် ကိုရီးယား၊ ဂျပန်နိုင်ငံများမှ ယာဉ်များမှာ ဈေးနှုန်းမြင့်ခြင်းကြောင့် ထင်မှတ်ထားသလို တင်သွင်းခြင်းမရှိဟု ယူဆရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

  ( Eleven Media Group )
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟောင်းနွမ်း ခရီးသည်တင်ယာဉ်များ
နေရာတွင် စီးတီးဘတ်စ် အစီးရေ ၁၀၀ ကျော် ၀င်ရောက်ပြေးဆွဲမည်ဖြစ်ပြီး CNG ရရှိရေး ညှိနှိုင်းဆဲဖြစ်

အေးချမ်းမွန်မှ ( Eleven Media Group ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License