အကြီးမြန် ယူကလစ်သစ် မျိုးများအား ကျေးလက်နေ ပြည်သူများ စိုက်ပျိုးနိုင်ရန် သင့်တင့် မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန် လိုအပ်

Monday, March 4, 2013

နေပြည်တော် မတ် ၃

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ် သိပံ္ပ လမ်းရှိ ဂရိတ်ဝေါ အင်တာ နေရှင်နယ် ကုမ္ပဏီလီမိ တက်မှ ဆောင်ရွက်လျက် ရှိသည့် အပင်တစ်သျှူး မွေးမြူခြင်း ဓာတ်ခွဲခန်းများ၊ တစ်သျှူးနည်းဖြင့် မွေးမြူထားသည့် အကြီးမြန် ယူကလစ်မျိုး ပျိုးဥယျာဉ်များနှင့် တစ်သျှူးနည်းဖြင့် မျိုးပွားထားသော ယူကလစ်မျိုး၊ မျိုးကောင်း မျိုးသန့်ကြံ၊ အစေ့ကျား ကြက်ဆူ၊ ဘရာဇီးလ် ငှက်ပျောသီးနှံ စိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

တစ်သျှူးနည်းဖြင့် မျိုးပွားထားသည့် အကြီးမြန် ယူကလစ် မျိုးများကို ၁ဝ ပေ ၈ ပေကြားဖြင့် တစ်ဧက ၅၄၄ ပင် စိုက်ပါက လေးနှစ် သက်တမ်းတွင် သစ်တန် ၆ဝ နှင့်ထင်း ၅ တန်ခန့် ရရှိနိုင်ကြောင်း၊ အကြီးမြန် ယူကလစ် ပင်များအား လေးနှစ်တွင် စတင် ခုတ်လှဲ ထုတ်ယူနိုင် ကြောင်း၊ ပထမအကြိမ် ခုတ်လှဲပြီး ပြန်လည် စိုက်ပျိုးရန် မလိုဘဲ ငုတ်တက် ထွက်သည့် အပင်အား ဆက်လက်ပြုစု ထိန်းသိမ်းထားပြီး ခုတ်ပတ် (၃) ကြိမ်အထိ သက်တမ်း (၁၂) နှစ်အတွင်း အလှည့်ကျခုတ်ယူ နိုင်ကြောင်း၊ ရေတိုကာလ အတွင်း ဝင်ငွေရရှိ နိုင်သဖြင့် ဒေသ ခံ ပြည်သူများ အတွက် အကျိုး လျင်မြန်စွာ ဖြစ်ထွန်း စေနိုင်ကြောင်း သိရှိရသည်။

ထို့ပြင် တစ်သျှူးမျိုးပွား နည်းဖြင့် ထုတ်လုပ်ထားသော အကြီးမြန် ယူကလစ်သစ် မျိုး၏ အစိုဓာတ် ထိန်းသိမ်းနိုင်မှုမှာ သဘာဝ တောကဲ့သို့ပင် တစ်ဟက်တာလျှင် ၂၁ တန်ခန့် ထိန်းသိမ်း ထားနိုင်ကြောင်း၊ မြေဆီလွှာ အာဟာရ စုပ်ယူ သုံးစွဲမှုမှာ သမားရိုးကျ စိုက်ပျိုးသည့် ယူကလစ် အပင်များထက် လျော့နည်းကြောင်း၊ အကြီးမြန် ယူကလစ် တစ်ဧကလျှင် တစ်နှစ် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ၁၂ တန် စုပ်ယူနိုင်ပြီး အောက်စီဂျင် ဓာတ်ငွေ့ ၉ တန် ထုတ်လွှတ် ပေးနိုင်သဖြင့် သဘာဝ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုအား ကာကွယ်စေနိုင် ကြောင်း သိရသည်။

ပြည်ထောင်စု ဝန်ကြီးက အကြီးမြန် ယူကလစ်သစ် မျိုးများအား ကျေးလက်နေ ပြည်သူများ စိုက်ပျိုး နိုင်ရန် သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန် လိုအပ်ကြောင်း၊ ရေတိုကာလ အတွင်း အလျင်အမြန် အကျိုး အမြတ် ဖြစ်ထွန်းစေပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချ ရေးကို များစွာ အထောက်အကူ ပြုနိုင်သည့်အတွက် ပြည်သူများမှ ပူးပေါင်း ပါဝင် စိုက်ပျိုး စီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သဘာဝ တောမှ သစ်ထုတ်လုပ်ခြင်းကို လျှော့ချ သွားမည်ဖြစ်ပြီး ပျက်စီးပြုန်း တီးသွားသော တောများတွင် ဒေသခံ ပြည်သူများအတွက် အကျိုး စီးပွားဖြစ် ထွန်းစေသည့် သစ်တော စိုက်ခင်းများ အစားထိုး တည်ထောင်မည် ဖြစ်ကြောင်း ရှင်းလင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး နှင့်အဖွဲ့သည် အမရပူရ မြို့နယ်ရှိ ဟွန်ဒါမြန်မာ ကုမ္ပဏီ အီသနော စက်ရုံဝင်း အတွင်း စိုက်ပျိုးထားသည့် အကြီးမြန် ယူကလစ် စိုက်ခင်း ငါးဧကကို လည်းကောင်း၊ စစ်ကိုင်းမြို့နယ် စက်မှုဇုန်ရှိ ဟွန်ဒါမြန်မာ ကုမ္ပဏီ သစ်ပါးလွှာနှင့် သစ် အချောကိုင် စက်ရုံ၌ အကြီးမြန် ယူကလစ်သစ် မျိုးမှရရှိသော သစ်သားများနှင့် သစ်ပွသား များဖြင့် ဆောင်ရွက်လျက် ရှိသည့် သစ်ပါးလွှာ ထုတ်လုပ်သည့် လုပ်ငန်း၊ အထပ်သား၊ Finger Joint Block Board ၊ ကြိတ်သား ပရိဘောဂများ ဆောင်ရွက် ထုတ်လုပ်နေမှုကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး စက်ရုံနှင့် ပတ်သက်သည့် ကုန်ကြမ်း ရရှိရေး အတွက် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

http://bit.ly/VueKHl

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License