ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့်မြေနေရာ ပေါက်ဈေးထက် ဘီလျံပေါင်းများစွာ သက်သာပြီး ဦးတေဇ ရရှိ

Friday, March 8, 2013

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် (Kandawgyi Palace Hotel) အား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇသို့ ကာလပေါက်ဈေး ထက် လျှော့ချကာ ဟိုတယ်တန်ဖိုး စုစုပေါင်း ငွေကျပ် ၂၈၄၃၆ ဒသမ ၈၆၀ သန်းဖြင့် လွှဲပြောင်း ရောင်းချခဲ့သည်။

မူလပိုင်ရှင်ဖြစ်သောဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက မြေဧက (၅ဒသမ ၅၀၇) အပါအ၀င် အဆောက်အအုံ၊ စက်နှင့် စက်ကိရိယာ ပစ္စည်းများကို ငွေကျပ် ၂၈၄၃၆ ဒသမ ၈၆၈ သန်းဖြင့် ဦးတေဇထံသို့ ရောင်းချခဲ့ကြောင်း

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာ တွင် ရေးသားဖော်ပြ ထားပြီး မင်္ဂလာတောင်ညွန့်မြို့နယ်ပိုင် ကန်တော်ကြီးပတ်လမ်းရှိ မြေတန်ဖိုး ကာလပေါက်ဈေးသည် ၁ စတုရန်းပေလျှင် ငွေကျပ်လေးသိန်းမှ ခြောက် သိန်းကြား ပေါက်ဈေးရှိကြောင်း၊

လက်ရှိမြေပေါက်ဈေးအား ငွေကျပ်ငါးသိန်းဖြင့် တွက်ချက်ရာ ပျမ်းမျှ သိန်းပေါင်း ၁၂၀ ဘီလျံခန့်တန်ဖိုးရှိကြောင်းကို နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအချက်အလက်များအရ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို ရရှိခဲ့သည့် ဦးတေဇအနေဖြင့် ကာလပေါက်ဈေးထက် ကျပ် ၁၀၀ ဘီလီယံကျော် သက်သာစွာဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်တွင် ဦးတေဇက ၎င်းငွေတန်ဖိုး အား ပေးသွင်းခဲ့ပြီးဖြစ်သည့်အတွက် အဆိုပါမြေ၊အဆောက်အအုံ၊ စက်နှင့် စက်ကိရိယာပစ္စည်းများကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဦးတေဇသို့ စနစ်တကျလွှဲပြောင်းကာ ဦးတေဇအ မည်ပေါက်ပြောင်း ရန်ထုတ်ပေးရေးကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီကဆောင်ရွက်ရန် စသည်ဖြင့် အထက်ပါ အမိန့်ကြော်ငြာစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ဦးတေဇသည် မြန်မာနိုင်ငံ၏ သူဌေးကြီး စာရင်းထဲတွင်ပါဝင်သူတစ်ဦးဖြစ်ပြီး ယခင်အစိုးရအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသူတစ်ဦးလည်းဖြစ်သည်။

ဦးတေဇသည် နောက်ဆုံးဖွင့်လှစ်ထားသော ဘဏ်ကြီး ၅ ဘဏ်ထဲမှ (AGD) အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ် အပါအ၀င် Elite-Tech ကုမ္ပဏီ၊ အဲပုဂံလေကြောင်းလိုင်း၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများကို ဦးစီးလုပ်ကိုင်လျက်ရှိသူတစ်ဦးဖြစ်သည်။

Posted From မြန်မာသံတော်ဆင့်

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်နှင့်မြေနေရာ ပေါက်ဈေးထက် ဘီလျံပေါင်းများစွာ သက်သာပြီး ဦးတေဇ ရရှိ

ရန်ကုန်၊ မတ် ၇

Share

No comments:

Post a Comment

Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License