ကန်ဒေါ်လာ တစ်သောင်းကျော် မေ့ကျန်ခဲ့သည့် နိုင်ငံခြားသားကို တက္ကစီယာဉ်မောင်းက ပြန်ပေး

Monday, March 4, 2013


တက္ကစီပေါ်တွင် နိုင်ငံခြားသားတစ်ဦး မေ့ကျန်ခဲ့သည့် အမေရိကန်ဒေါ်လာ တစ်သောင်းကျော် ပါဝင်သော အိတ်တစ်လုံးကို ယာဉ်မောင်းက ပိုင်ရှင်ကို ဆက်သွယ်ကာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးသည် စမ်းချောင်းမြို့နယ်နေ ဦးကောင်းမြတ်လှိုင် မောင်းနှင်သော တက္ကစီကို ညောင်လေးပင်ဈေးမှ ရွှေတိဂုံဘုရားအထိ မြန်မာဘုန်းတော်ကြီး တစ်ပါးနှင့်အတူ ငှားစီးပြီး အဆင်းတွင် အမေရိကန်ဒေါ်လာ ၁၀၃၀၀၊ ကမ္ဘောဒီယားငွေ ၁၀၀၀၀၊ ထိုင်းဘတ်ငွေ ၂၀၊ ဟန်းဆက် သုံးလုံးနှင့် ပတ်ပို့စ်တစ်စောင် ပါဝင်သော အိတ်ကို တက္ကစီပေါ်တွင် မေ့ကျန်သွားခြင်းဖြစ်ကြောင်း ယင်းတက္ကစီကို မောင်းနှင်သူ ဦးကောင်းမြတ်လှိုင်က ပြောသည်။ “ကျွန်တော် ဖေဖော်ဝါရီ ၂၇ ရက်မှ နိုင်ငံခြားသားရဲ့ ပတ်စ်ပို့ကိုကြည့်ပြီး ကမ္ဘောဒီးယားသံရုံးကို ဆက်သွယ် အကြောင်းကြားပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားက သူ့နိုင်ငံကို ခဏပြန်သွားတယ်လို့ သံရုံးအရာရှိက ပြောပါတယ်” ဟု ယင်းက ပြောသည်။ အဆိုပါ နိုင်ငံခြားသားက ၎င်း၏ ပတ်စ်ပို့ ပျောက်ဆုံးသွားခြင်းကို ကမ္ဘောဒီးယားသံရုံးသို့ အကြောင်းကြားပြီး ပျောက်ဆုံးကြောင်း ထောက်ခံစာ လုပ်သွားကြောင်း ပြောပြချက်အရ သိရသည်ဟု ယင်းက ဆက်လက် ပြောကြားသည်။ “နိုင်ငံခြားသားရဲ့ ပတ်စ်ပို့ကို ကြည့်ပြီးတော့ တက္ကစီမောင်းတဲ့သူက ကမ္ဘောဒီယားသံရုံး ဖုန်းနံပါတ်ကို Call Centre ကနေတစ်ဆင့် မေးပြီး ဆက်သွယ်ခဲ့တာပါ။ အဲဒါတွေ လိုက်လုပ်နေရတာ သူ့မှာ အုံနာခတောင် မပြည့်ဘူးလို့ သိရပါတယ်” ဟု တက္ကစီသမား၏ မိတ်ဆွေဦးသက်မော်က ပြောသည်။ အဆိုပါ နိုင်ငံခြားသားမှာ နယ်လှည့်သာသနာပြုနေသူဖြစ်ပြီး ယင်းအမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော်မှာလည်း မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဘုရားတွင် ကြွေပြားကပ်ရန် လှူဒါန်းမည့်ငွေများ ဖြစ်ကြောင်းကို ယင်းနိုင်ငံခြားသားနှင့် အီးမေးလ်ဖြင့် ဆက်သွယ်ရာမှ သိရကြောင်း ဦးကောင်းမြတ်လှိုင်က ပြောသည်။ “နိုင်ငံခြားသားရဲ့ လိပ်စာကတ်ထဲက အီးမေးလ်လိပ်စာအတိုင်း ကျန်ခဲ့တဲ့နေ့မှာပဲ ဆက်သွယ်ပေမယ့် သူက နောက်တစ်ရက် ပြန်ဆက်သွယ်တော့မှ ဘုရားကိုလှူမယ့် ပိုက်ဆံဆိုတာကို သိရတာပါ” ဟု ယင်းက ပြောသည်။ အဆိုပါ ဒေါ်လာ ၁၀၀၀၀ ကျော်နှင့် ပတ်စ်ပို့ကို မုံရွာ ဗောဓိတစ်ထောင် ဘုရားမှ ဘုန်တော်ကြီးအား ကမ္ဘောဒီးယားသံရုံး အရာရှိ ရှေ့မှောက်တွင်ပင် စာရွက်စာတမ်းနှင့် လက်မှတ်ထိုးပြီး လွှဲပြောင်းပေးအပ်လိုက် ခြင်းဖြစ်ကြောင်း ဦးကောင်းမြတ်လှိုင်က ပြောသည်။ “နိုင်ငံခြားသားက ဗောဓိတစ်ထောင် ဘုန်းတော်ကြီးကိုပဲ လွှဲပေးလိုက်ပါဆိုလို့ ကမ္ဘောဒီးယားသံရုံးအရာရှိ ရှေ့မှောက်မှာပဲ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပြီး လွှဲပေးလိုက်တာပါ” ဟု ယင်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From : မြန်မာ့ သားကောင်း
From
Share

No comments:

Post a Comment

 
Copyright © 2015. မြန်မာစပိုင်.
Design by Herdiansyah Hamzah. Published by Themes Paper. Powered by Blogger.
Creative Commons License